Sunday, August 11, 2013

မြတ်စွာဘုရား၏ ဝဋ်တော် (၁၂ ) ပါး



၁။ပထမဝဋ်တော်။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဥ် တစ်ခုသော ဘဝဝယ်
မုနာဠိ မည်သော သေသောက်ကြူးဖြစ်၍ သုရဘိ အမည်တော်ရှိသော
ပစ္စေ္စကဗုဒ္ဓါအရှင်မြတ်ကို ဤသူကား လူသူလေးပါး ဆိတ်ကွယ်ရာ အရပ်၌ ကာမလိုက်စား
မွေ့လျော်ပျော်ပါး၍ တရားမရှိ ဒုဿီလပဂ္ဂိုလ်ဖြစ်ဘိ၏ ဟု စွပ်စွဲစကား
ပြောမှားတော်မူခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ ဒုက္ခဝေဒနာကို
ခံစားခဲ့ရ ပြီး ဤနောက်ဆုံး ပစိမ္ဆ ဘဝ ဘုရားဖြစ်တော်မူသောအခါ လူသူအများ
အထင်မှားအောင် သုန္ဒရီပရိဗိုဇ်မ၏ စွပ်စွဲခြင်းကို ခံတော်မူရလေသည်။ ဤကား
ပထမဝဋ်တော်တည်း။

၂။ဒုတိယဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော
ဘဝဝယ် သဗ္ဗာဘိဘူ အမည်တော်ရှိသော ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ နဒ္ဒ မည်သော
တပည့်သာဝကဖြစ်ခဲ့၍ ၊ ထိုသဗ္ဗာဘိဘူ အရှင်မြတ်ကို သီလမရှိ သူယုတ်မာသာသာ ဖြစ်ဘိ၏
ဟု စွပ်စွဲစကား ပြောမှားခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ငရဲ၌ အနှစ်တစ်သောင်းကြာ ဒုက္ခကို
ခံစားခဲ့ရ ပြီး ဤနောက်ဆုံး ပစိမ္ဆ ဘဝ ဘုရားဖြစ်တော်မူသောအခါ ပရိတ်သတ်ဗိုလ်ပုံအလယ်၌
စိဉ္စမာနမိန်းမယုတ်၏ မဟုတ်တရား စွပ်စွဲခြင်းကို ခံရတော်မူလေသည်။ဤကား
ဒုတိယဝဋ်တော်တည်း။

၃။တတိယဝဋ်တော် ။ ။မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော
ဘဝဝယ် ဗေဒင်သုံးရပ် ကမ်းဆုံးခပ်အောင် တတ်မြောက်သူ ပုဏ္ဏားပါမောက္ခဆရာကြီး ဖြစ်၍
တပည့်လုလင်ငါးရားတို့ကို မဟာဝုန်တော၌ ဗေဒင်ကျမ်းများကို သင်ကြားပြသနေစဉ် ဘီမ-
မည်သော ရသေ့သူမြတ် ကြွရောက်လာသည်ကို မြင်ရ၍ ( ကြည်ညိုရမည့်အစား
နှလုံးသွင်းမှားကာ ) ဤရသေ့ကား ကာမစည်းစိမ်ကိုခံစားသူ ရသေ့စဉ်းလဲဖြစ်သည် ဟု
တပည့်ငါးရာတို့အား ပြောကြားလေရာ ၊ ထိုတပည့်တို့သည်လည်း အားရဝမ်းသာ လက်ခံကာ
အိမ်တိုင်းအိမ်တိုင်းရှိ လူများအား ထိုဘီမ-ရသေ့သည် ရသေ့စဉ်းလဲ ဖြစ်သည်ဟုသာ
စွပ်စွဲစကား ပြောကြားကြလေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ထိုတပည့်ငါးရာတို့သည်
နောက်ဆုံးဘဝ ဘုရားရှင်လက်ထက်တော်၌ တပည့်ရဟန်းငါးရာ ဖြစ်လာကြကာ ၊
သုန္ဒရီပရဗိုဇ်မ (တိတ္ထိတို့ကိုသတ်၍) သေခြင်းဟူသော အကြောင်းကြောင့် လူအများ၏
မဟုတ်တရား စွပ်စွဲကဲ့ရဲ့ခြင်းကို ခံရလေသည်။သာဝကတို့ကို အစွပ်စွဲခံရခြင်းသည်လည်း
ကိုယ်တော်မြတ်ကို အစွပ်စွဲခံရသည်သာ မည်လေသည်။ဤကား တတိယဝဋ်တော်တည်း။

၎။စတုတ္ထဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော
ဘဝဝယ် မိတူဖကွဲ ဖြစ်သော ညီငယ်အား ၊ ဥစ္စာကို လိုချင်တပ်မက်သောကြောင့် သတ်ဖြတ်၍
ထောင်ချောက်ကြား၌ ပစ်ချရုံမျှမက ကျောက်တုံးဖြင့် တစ်ဖန်ထပ်၍ ဖိညှပ်ကြိတ်ခြေ
ပြုခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံးပစ္ဆိမဘဝ
ဘုရားဖြစ်တော်မူတော်မူသောအခါဝယ် ရှင်ဒေဝဒတ် ကျောက်မောင်းဆင်၍ ပစ်ချသည်ကို
ခံရ၍ ခြေမတော်ကို ကျောက်ချပ်ကျောက်လွှာ စဉ်ထွက်လာကာ သွေးစိမ်းတည်အောင်
အထိအခိုက် ခံရတော်မူရလေသည်။ဤကား စတုတ္ထဝဋ်တော်တည်း။

၅။ပဉ္စမဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော
ဘဝဝယ် အဆင်အခြင်နည်းပါး ကစားလေလွင့် မသင့်စနိုး သူငယ်ဆိုးဖြစ်၍ လမ်းခရီးဝယ်
မြူးထူးပျော်ပါးကစားနေစဉ် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးကို မြင်ရလျှင်
(ကြည်ညိုရမည့်အစား
နှလုံးသွင်းမှားကာ) လမ်းခရီး၌ရှိသည့် ကျောက်ခဲများကိုကောက်ယူကာ
ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ပစ်ခတ်ပြစ်မှားလေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံးပစ္ဆိမဘဝ
ဘုရားဖြစ်တော်မူတော်မူသောအခါဝယ် ကိုယ်တော်မြတ်ကို အသေသတ်ဖို့ရန်
ရှင်ဒေဝဒတ်က လူသတ်လေးသမားများ စေလွှတ်သည်ကို ခံတော်မူရလေသည်။ဤကား
ပဉ္စမဝဋ်တော်တည်း။

၆။ဆဌမဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော
ဘဝဝယ် ဆင်ထိန်းယောက်ျားဖြစ်ခဲ့၍ ဆွမ်းခံကြွဝင်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးကို
ဆင်ဖြင့် နင်းသတ်တော့မည့်ဟန် အဖန်ဖန် ခြောက်လှန့်ခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ရာဇဂြိုလ်ပြည်ဝယ် အရက်များစွာ
သောက်၍ အကြမ်းစိတ် ၊ အရိုင်းစိတ်ပေါက်နေသော နာဠာဂီရိဆင်က ကိုယ်တော်မြတ်ကို
နင်းသတ်ရန် ရှေးရှုချဉ်းကပ်လာသည်ကို ခံတော်မူရလေသည်။ဤကား ဆဌမဝဋ်တော်တည်း။


၇။သတ္တမဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော
ဘဝဝယ် ပြည့်ရှင်မင်းဖြစ်၍ မင်းမာန်တက်ကာ (ဒုစရိုက်မှုကို မစဉ်းစားဘဲ )
ယောက်ျားတစ်ယောက်ကို ကိုယ်တိုင်ပင် လှံဖြင့်ထိုးဆွ သတ်ဖြတ်ခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် ငရဲ၌ နှစ်ပေါင်းများစွာ
ကျက်ခဲ့ရ ပြီးလျှင် နောက်ဆုံးပစ္ဆိမဘဝ (ရှင်ဒေဝဒတ် ကျောက်မောင်းဆင်၍ ချသောအခါ
ကျောက်လွှာ ကျောက်ချပ် ခြေမတော်၌ ထိခိုက်၍ သွေးစိမ်းတည်သော အနာရောဂါကို
ကုစားရန်အတွက် )ဆရာဇီဝက ခြေမတော်ကို ဓားဖြင့်ခွဲသည်ကိုခံတော်မူရလေသည်။ဤကား
သတ္တမဝဋ်တော်တည်း။

၈။အဌမဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝဝယ်
တစ်ခုသော တံငါရွာ၌ တံငါသားငယ်ဖြစ်၍ မိမိဆွေမျိုးတံငါတို့က ငါးတို့ကို ရက်ရက်စက်စက်
သတ်ဖြတ်ကြသည်ကို မြင်သောအခါ ဝမ်းမြောက်ဝမ်းသာ
ဖြစ်ရှိခဲ့လေသည်။(ကိုယ်တိုင်သတ်သည်မဟုတ်)
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံးပစ္ဆိမဘဝ
ဘုရားဖြစ်တော်မူတော်မူသောအခါဝယ် ဦးခေါင်းကိုက်ရောဂါ မကြာခဏဖြစ်သည်ကို
ခံတော်မူရလေသည်။(ရှေးအခါက ငါးတို့ကို ရက်ရက်စက်စက်
သတ်ဖြတ်ခဲ့သောဆွေမျိုးတံငါတို့သည် ယခုအခါ သာကီဝင်များ ဖြစ်လာကြ၍ ဝိဋဋူဘ၏
ဥပစ္ဆေဒက အသတ်အဖြတ် ခံကြရလေသည်။)ဤကား အဌမဝဝဋ်တော်တည်း။

၉။နဝမဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော ဘဝဝယ်
ဖုဿမြတ်စွာဘုရားရှင်၏ သာသနာတော်၌ တပည့်သာဝက ရဟန်းတော်တို့ကို သင်တို့သည်
မုယောကို ခဲကြ ၊ စားကြလော့ ၊ သလေးဆွမ်းတို့ကို မစားကြလင့် ဟု ရေရွတ်စကား
ပြောမှားခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံးပစ္ဆိမဘဝ
ဘုရားဖြစ်တော်မူတော်မူသောအခါဝယ် ဝေရဉ္ဇာပြည်၌ ဝေရဉ္ဇာပုဏ္ဏား
လျှောက်ထားပင့်ဖိတ်ချက်အရ ဝါကပ်တော်မူစဉ် ဝါတွင်းသုံးလပတ်လုံး မုယောမှုန့်ကိုသာ
ဘုဉ်းပေးသုံးဆောင်တော်မူရလေသည်။ဤကား နဝမဝဋိတော်တည်း။

၁၀။ဒသမဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော
ဘဝဝယ် လက်ဝှေ့သမား ဖြစ်တော်မူ၍ အခြားလက်ဝှေ့သမားတစ်ဦးကို ခါးရိုးကျိုးအောင်
ရိုက်ချိုးထိုးသတ်ခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံးပစ္ဆိမဘဝ
ဘုရားဖြစ်တော်မူတော်မူသောအခါဝယ် ခါးတော်ညောင်းညာ နာကျင်ကိုက်ခဲခြင်း
ဆင်းရဲဒုက္ခကို ခံတော်မူရလေသည်။ဤကား ဒသမဝဋ်တော်တည်း။


၁၁။ဧကာဒသမဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသော
ဘဝဝယ် ဆေးဆရာ ဖြစ်ခဲ့၍ ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသားတစ်ယောက်ကို
ဝမ်းလားဆေး တိုက်ကျွေးခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံးပစ္ဆိမဘဝ
ဘုရားဖြစ်တော်မူ၍ ပရိနိဗ္ဗာန် စံတော်မူခါအနီး သွေးဝမ်းသွန်သည့် ရောဂါဝေဒနာ
စွဲကပ်လာရလေသည်။ဤကား ဧကာဒသမဝဋ်တော်တည်း။

၁၂။ဒွါဒသမဝဋ်တော် ။ ။ မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ်
ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဇောတိပါလမည်သော ပုဏ္ဏားလုလင် ဖြစ်ခဲ့၍
ကဿပမြတ်စွာဘုရားကို ဤဦးပြည်းရဟန်း အဖို့ရာ သဗ္ဗညုတရွှေဥာဏ်တော်သည်
အဘယ်မှာ ဖြစ်နိုင်အံ့နည်း။ သဗ္ဗညုတရွှေဥာဏ်တော် ဟူသည်မှာ အလွန်တရာ ရခဲသော
တရားဖြစ်သည် ဟု နှုတ်ြဖင့် ပြစ်မှားပြောကြားခဲ့လေသည်။
ထိုမကောင်းမှု အကုသိုလ်ကံ အကျိုးဆက်ကြောင့် နောက်ဆုံးပစ္ဆိမဘဝဝယ်
တောထွက်၍ ဘုရားဖြစ်ရန် ဒုက္ကရစရိယာ ကျင့်တော်မူသောအခါ အခြားတစ်ပါးသော
ဘုရားအလောင်းတို့မှာ ရက် ၊ လ အနည်းငယ်သာ ထိုက်သည့်အလျောက်
ကျင့်ကြံရသော်လည်း ဤအကျွန်ုပ်တို့ ဘုရားအလောင်းတော်မှာမူ ဝဇီဝိပါတ်
ဝဋ်တော်လိုက်မှုကြောင့် ခြောက်နှစ်ကြာအောင် ဒုက္ကရစရိယာကု
ကျင့်တော်မူရလေသည်။ဤကား ဒွါဒသမဝဋ်တော်တည်း။

ဤဝဋ်တော် (၁၂) ပါးအကြောင်းကို ခုဒ္ဒက နိကာယ်ထေရာပဒါနပါဠိ ၃၉-အဝဋဖလဝဂ္ဂ ၊
၁၀ - ပုဗ္ဗကမ္မပိလောတိက ဗုဒ္ဓအပါဒန် ၊ စာမျက်နှာ ၃၄၆ -၌ မြတ်စွာဘုရားကိုယ်တော်တိုင်ပင်
ဟောကြားတော်မူအပ်သည်။

ကိုးကား ။ ။တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် (ပဉ္စမတွဲ) မှ
ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment