Tuesday, February 25, 2014

တရားထိုင်ခြင်းက လုပ်ငန်းခွင်ဆိုင်ရာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်

=====================

ပုံမှန်တရားထိုင်ခြင်းဖြင့် လုပ်ငန်းခွင်နှင့် ဆက်နွယ်သောစိတ်ဖိစီးမှုနှင့် အားအင်ကုန်ခမ်းမှုများကိုကာကွယ်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စုတွင် ပြုလုပ်သောလေ့လာဆန်းစစ်မှုတစ်ရပ်အရ သိရသည်။ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုရှိသောကလေးများအတွက် သီးသန့်ဖွင့်လှစ်သောကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာများနှင့်ဝန်ထမ်းများမှာ တစ်နေ့လျှင် မိနှစ် ၂၀ကြာ တရားရှုမှတ်ခြင်းအား လေးလတာပြုလုပ်ခဲ့ပြီးချိန်၌ စိတ်ဖိစီးမှုသိသိသာသာလျော့နည်းသွားခဲ့ကြောင်း၊ ပထမဆုံးလ၌ စိတ်ဖိစီးမှုလျှော့နည်းသွားသည့်အပြင် စိတ်အားတက်ကြွမှုပါဖြစ်လာကြောင်း လေ့လာဆန်းစစ်မှုတွင်ပါဝင်သူ သဘာဝဆေးနှင့် ကာကွယ်တားဆီးခြင်းဆိုင်ရာ မဟာရီရှီတက္ကသိုလ်မှ သုတေသီ ဆင်ဖိုဒ်နီဒေ့ရှ်က ပြောကြားသည်။

ထို့ပြင် ဆင်ဖိုဒ်နီဒေ့ရှ်က တရားရှုမှတ်သောအဆိုပါကျောင်းဆရာများနှင့် ၀န်ထမ်းများမှာ တစ်နေ့လျှင် မိနှစ် ၂၀ကြာ တရားရှုမှတ်ကာလ လေးလအပြီး၌ စိတ်ဓာတ်ကျဆင်းခြင်းနှင့်စိတ်ပိုင်းဆိုင်ရာ ခံစားမှုပြင်းပြခြင်းများပါ လျော့နည်းသွားခဲ့ကြောင်းဆိုသည်။ ထို့ကြောင့် တရားရှုမှတ်ခြင်းသည် စိတ်ဖိစီးမှုအပေါ်ကြီးမားသော အကျိုးသက်ရောက်ရှိပုံရကြောင်း Permanente ဂျာနယ်တွင် ပုံနှိပ်ဖော်ပြထားသော ၎င်းတို့၏ဆောင်းပါး၌ မှတ်ချက်ပြုရေးသားထားသည်။

သုတေသီများက မိမိတို့လေ့လာဆန်းစစ်မှုတွင်ပါဝင်သော တရားရှုမှတ်သူများက မည်သည့်တရားရှုမှတ်နည်းကို အသုံးပြုခဲ့ကြသည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။ သို့သော်မျက်စိနှစ်ဖက်မှိတ်ပြီး တင်ပျဉ်ခွေထိုင်ကာ လောကသဘာဝနှင့် သာမန်လူတို့ မမီနိုင်သော သဘာဝတရားများရှုမှတ်မှုကို အခြေခံထားသည့် TM ရှုမှတ်နည်းကို အသုံးပြုခဲ့ကြကြောင်း ဖွင့်ဟပြောကြားသည်။

ယခင်ကပြုလုပ်ခဲ့သော လေ့လာဆန်းစစ်ချက်များအရ TM သို့မဟုတ် သတိပဋ္ဌာန်းဝိပတ်ဿနာ ရှုမှတ်နည်းအပါအ၀င် များပြားသော တရားရှုမှတ်နည်းများမှာ ထင်ရှားသည့် အကျိုးကျေးဇူးများစွာရကြောင်း၊ လုပ်ငန်းခွင်ဆိုင်ရာစိတ်ဖိစီးမှုသည် အလုပ်သမားအပြောင်းအလဲများစွာဖြစ်စေသဖြင့် လုပ်ငန်းခွင်၌ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေကြောင်းဆိုသည်။

တချို့သော တရားရှုမှတ်နည်းများမှာ လုပ်ငန်းခွင်အတွင်း၌ပင် ပြုလုပ်နိုင်ကြောင်း၊ သတိပဋ္ဌာန်း တရားရှုမှတ်နည်းသည် စိတ်၏စွမ်းအင်ကို ထိန်းသိမ်းထားနိုင်သဖြင့် စိတ်တည်ငြိမ်အေးချမ်းမှုရကြောင်း၊ တင်ပျဉ်ခွေထိုင်ပြီး ခန္ဓာကိုယ်ရှိ ၀င်လေထွက်လေအပေါ် အာရုံစူးစိုက်ခြင်းအားဖြင့် မိမိစိတ်အစဉ်အား ပစ္စုပ္ပန်တည့်တည့်သို့ရှောက်ရှိစေကြောင်း၊ တရားရှုမှတ်ခြင်းသည် လုပ်ငန်းခွင်စိတ်ဖိစီးမှု၏ အကောင်းဆုံးထွက်ပေါက်ဖြစ်ကြောင်း နယူးဂျာစီပြည်နယ် အောက်ကလန်မြို့ရှိ သတိတရားဦးဆောင်မှု တက္ကသိုလ်မှ ဒါရိုက်တာဖြစ်သူ ဂျင်နိုက်မာကျူရာဒိုက ပြောကြားသည်။

(ရိုက်တာ) 
ဘာသာပြန်-ဒေါက်တာသာစိန် 
မြန်မာ့အလင်း

No comments:

Post a Comment